ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားတက်ရောက်

လွိုင်ကော်      ဧပြီ       ၂၈

၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအံ့မော် ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိ သူများ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့် မိခင်များ တက်ရောက်ကြသည်။

ဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းဖြင့် ပြည်သူအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသော ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှ တားဆီးပေးနိုင်ကြောင်း အသိပညာမြှင့်တင်ရန်၊ ပြည်သူလူထုက ကာကွယ်ဆေး များအပေါ် ယုံကြည်အားကိုးမှု ပိုမိုတိုးပွားလာပြီး ကာကွယ် ဆေးထိုးနှံခြင်း အကျိုးကျေးဇူးများအပေါ် ပိုမိုသတိပြုလာမိစေရန်နှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပိုမိုပါဝင်ကူညီလာစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိသလို ပြည်နယ်အစိုးရအဖွဲ့အနေနှင့်လည်း ပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း ယခုထက်ပိုမို မြင့်မားရေး၊ ကာကွယ် ဆေးထိုးနှံမှုများ ပိုမိုလွှမ်းခြုံနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး ကလေးများအားလုံး ကာကွယ်ဆေး ထိုးနှံနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ တာဝန်ကျေပွန်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် “မျိုးဆက်တိုင်းကို ကာကွယ်ထား ကာကွယ်ဆေး၏ စွမ်းပကား” Documentary နှင့် တေးသီချင်းကို ပြသသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုပြီး အသက် (၂)  လအရွယ် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ဖြည့်စွက်စာအာဟာရများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လွိုင်ကော် မြို့နယ်အတွင်း မွေးစမှ အသက်တစ်နှစ်အောက်ကလေးငယ်များ၊ အသက်တစ်နှစ်ခွဲ၊ ငါးနှစ်နှင့် ၉ နှစ်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးတိုက်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပြီး ရက်သတ္တပတ် (၂) ပတ်လျှင် တစ်ကြိမ် သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းနှင့် ဒေသန္တရဆေးခန်းများ တွင် ပုံမှန်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ဒေါ်ဒဲမြာ ( ပြည်နယ်ပြန်/ဆက် )