မြန်အောင် ဧပြီ ၂၈
လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် မြန်အောင်/ရွှေပြည်သာရေနံမြေ CSR ဖြင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ရန် လုပ်ငန်းများအတည်ပြု ရွေးချယ်လျာထားခြင်းကို ယမန်နေ့နံနက်က မြန်အောင်ရေနံမြေ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက မြန်အောင်/ ရွှေပြည်သာရေနံမြေ CSR ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ အကျိုးရှိအောင် ဆောင်ရွက်ရန် အဖွင့်အမှာစကားပြောကြားပြီး မြန်အောင်/ ရွှေပြည်သာရေနံမြေ ခေတ္တ ညွှန်ကြားရေးမှူး ဦးကြည်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့က CSR လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တင်ပြထားသော CSR လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးရွေးချယ်ကြပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ စည်ပင်သာယာရေး၊ မီးဘေးကာကွယ်ရေး၊ အားကစားကဏ္ဍများအတွက် ယခုနှစ်ခွဲဝေလျာထားငွေ ကျပ်သိန်း (၁၁၅၀) အား လုပ်ငန်း (၁၃) ခု ဆောင်ရွက်ရန် ရွေးချယ်လျာထားခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် မြန်အောင်/ရွှေပြည်သာရေနံမြေ CSR ဖြင့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် လုပ်ငန်းများအတည်ပြု ရွေးချယ်လျာထားခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦး၊ မြန်အောင်/ရွှေပြည်သာရေနံမြေ ခေတ္တညွှန်ကြားရေးမှူး ဦးကြည်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်