ကြံခင်း ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေခန်းမ၌ အစိုးရအသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့နံနက်ပိုင်းက ကူးစက်ရောဂါကာကွယ် ထိမ်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူး၊ သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက မွေးမြူရေးသမားများအား ရက် ၁၀၀ စီမံချက်ဖြင့် ကူးစက်ရောဂါ ထိန်းချုပ်ရေး ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထိုသင်တန်းတွင် တိရစ္ဆာန်အမျိုးအစားများနှင့် ဖြစ်ပွားတတ်သော ရောဂါများ၊ စီမံခန့်ခွဲခြင်း အပိုင်းသုံးပိုင်းဖြင့် သင်ကြားသွားမည်ဖြစ်ပြီး အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ တာဝန်များ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်စသည်ဖြင့် ရောဂါဖြစ်စေသော အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများ၊ ပဋိဇီဝဆေးများ၊ ကာကွယ်ဆေးကုသဆေးနှင့် အထောက်အကူပြုဆေးဝါးများ၊ သားသတ်လိုင်စင်ရ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်စသည့် သင်ခန်းစာများ ပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါကာလတိုသင်တန်းကို သင်တန်းသား ၂၀ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းနည်းပြများအဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုနှင့်ဝန်ထမ်းများက နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်တန်းကာလ ၂ ရက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)