ဇလွန် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မစျေးသစ်အတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး ပူပြင်းခြောက်သွေ့လာပြီဖြစ်၍ မီးလောင်မှုများ၊ မီးလန့်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာရမည့်အချက်များ သိရှိလိုက်နာစေရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၉) နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် မီးသတ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များ ပါဝင် သောပူးပေါင်းအဖွဲ့ဖြင့် စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် စျေးသူ၊ ဈေးသား၊ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုများ မရှိစေရေးအတွက် ဈေးဆိုင်ခန်းများတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကို စနစ်တကျကိုင်တွယ်အသုံးပြုရေး၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့်ရေပုံးများ အသင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်း ပေးပို့ကြရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များအား အသိပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)