ပုသိမ် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရှိ ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့တွင် ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့ရှိ ဈေးဆိုင်ခန်းများတွင် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဈေးများအတွင်းရှိ လျှပ်စစ်မိန်းဘုတ်ခုံများ၊ လျှပ်စစ်ဝါယာ ကြိုးများနှင့် မီးဖိုမီးအသုံးပြုသည့် ဈေးဆိုင်များအား ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များအား ပြုပြင်ဆောင်ရွက်ရန် မှာကြားခဲ့ကြပြီး ဈေးများရှိမီးသတ်ရေကန်၊ မီးသတ်စက်များအား စမ်းသပ်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သောနွေရာသီတွင် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)