ဘီးလင်း ဧပြီ ၂၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဦးဆောင်၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် မုသင်ကျေးရွာအုပ်စု သာယာကုန်းကျေးရွာ မူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမြဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၄ ဦးတို့က ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းလမ်းများ၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြုနည်း အစရှိသည့်ဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့၊ လက်တွေ့သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)