စစ်တွေ ဧပြီ ၂၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီးလ ၂၅ ရက်နေ့နံနက်ပိုင်းက ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး နည်းပညာတက္ကသိုလ်(စစ်တွေ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)မှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်အဖွဲ့သည် သစ်တောဦးစီးဌာန၊ ခြံဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် ပြည်သူလူထုဖြန့်ဖြူးနိုင်ရန်အတွက် ပျိုးပင်များပျိုးထောင်ထားရှိမှုနှင့် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများ၊ ဖြစ်ထွန်အောင်မြင်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များ၊ သဘာဝဘေးဒဏ်ခံနိုင်သော သစ်ပင်များ၊ အရိပ်ရသစ်ပင်များကို ဦးစားပေးပျိုးထောင်ထားကြရန်၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော သစ်ပင်များကို အစားထိုးစိုက်ပျိုးမှု စဉ်ဆက်မပြတ် ပြုလုပ်ရန်နှင့် စိုက်ပျိုးထားသောသစ်ပင်များ ရှင်သန်ကြီးထွားရေး အလေးပေးဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ပျိုးခြံဝန်းအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှုအား လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင် စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံပျိုးဥယျာဉ်၌ ပျိုးပင်များပျိုးထောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ ဦးကျော်မိုက ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ဖြစ်ထွန်းအောင်မြင်နေမှုများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျိုးဥယျာဉ်အတွင်း ပျိုုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး မြို့သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ မြေယာရှုခင်းများဖော်ဆောင်ရေးတို့တွင် သစ်ပင်ပန်းမန်များ စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ ပျိုးထောင်သွားကြရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ)၌ နည်းပညာတက္ကသိုလ်(စစ်တွေ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)မှ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နိုင်ငံတော်အစိုးရက ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍမြင့်မားရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊ နည်းပညာနှင့်ပတ်သက်သည့် ပညာရပ်များကို သင်ကြားနေကြသည့် ဆရာ၊ ဆရာမများအနေဖြင့် လက်တွေ့ကျသော ဘာသာရပ်များကို သင်ကြားပေးလျက်ရှိခြင်းကြောင့် လက်တွေ့မြေပြင်တွင် စံချိန်စံညွှန်းနှင့်အညီ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်အောင် သင်ကြားပေးကြစေလိုကြောင်း၊ အလားတူ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးတက်မြင့်မားရေးအတွက် သုတ၊ ရသစာအုပ်များ လေ့လာဖတ်ရှုနိုင်ရေး ကျောင်စာကြည့်တိုက်များမြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့အတူ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ စာသင်ခန်းများ၊ ကျောင်းသား၊ ကျောင်းသူအဆောင်များ သန့်ရှင်းသာယာရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် ခေတ်နှင့်လျော်ညီသော သင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များရှိပါကလည်း တင်ပြပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက်အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) မှ ကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်ငြိမ်းက အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) ၏ အချက်အလက်များအားလည်းကောင်း၊ နည်းပညာတက္ကသိုလ် (စစ်တွေ) မှ ဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါ်ရီရီလှက နည်းပညာတက္ကသိုလ် (စစ်တွေ) ၏ အချက်အလက်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ စာသင်ခန်း၊ အလုပ်ရုံနှင့် အားကစားကွင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)