ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာလူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲ တက်ရောက်

လွိုင်ကော် ဧပြီ ၂၆

(၆၆) ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး (ခ) တံခွန်တိုင်ပွဲတော် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ထေးသမရပ်ကွက် မော့ဒူဒီးဘိုးဟိုး (တံခွန်တိုင်) ကွင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်ဒေသနေတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံခွန်တိုင်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး ကယားတိုင်းရင်းသားများ၏ ရိုးရာထုံးတမ်းစဉ်လာနှင့်အညီ တံခွန်တိုင်တော် စိုက်ထူမှုကို ကြည့်ရှုအားပေးကာ တံခွန်တိုင်စိုက်ထူပြီးနောက် ကေ့ထျိုးဘိုးရိုးရာ ဂေါပကအဖွဲ့ တာဝန်ရှိသူများက ဆုတောင်းပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပသည့် ကယားတိုင်းရင်းသားများ၏ စုပေါင်းကေ့ထျိုးဘိုး (ခ) တံခွန်တိုင်ပွဲတော်သည် ကယားပြည်နယ်၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်ပြီး ပြည်နယ်၏အထိမ်းအမှတ်ဝိသေသလက္ခဏာအဖြစ် ထင်ပေါ်စေသည့် ပွဲတော်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသည့် ပွဲတော်တစ်ခုဖြစ်၍ တိုင်းရင်းသားလူငယ်များအနေနှင့် မိမိတို့၏ ရိုးရာအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်တတ်စေရန်၊ အပြန်အလှန် လေးစားတန်ဖိုး ထားတတ်စေရန်နှင့် နောင်မျိုးဆက်သစ် လူငယ်မောင်မယ်များအတွက် လက်ဆင့်ကမ်းပေးပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က (၆၆) ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး (ခ) တံခွန်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ချီးမြှင့်ငွေပေးအပ်ရာ ကေ့ထျိုးဘိုး ရိုးရာဂေါပကအဖွဲ့ချုပ် ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် ကေ့ထျိုးဘိုးရိုးရာဂေါပကအဖွဲ့ချုပ်ဥက္ကဋ္ဌက ပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် တံခွန်တိုင်လည့်လည်ပူဇော်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာနှင့် အခြေခံပညာလူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပညာရေးဒီဂရီကောလိပ် ကျောင်းသားတစ်ဦးက “လူချွန်လူကောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြုပြီး အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် လူရည်ချွန်အဖြစ်ရွေးချယ်ခံရသည့် ကျောင်းသား၊ ကျောင်းသူမောင်မယ်များကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားဖြစ်ကြောင်း၊ နောင်တစ်ချိန်နိုင်ငံတော်အတွက် တတ်စွမ်းသည့်ဘက်က အလုပ်အကျွေးပြုရန် နိုင်ငံ၏သားကောင်းသမီးမွန်များအဖြစ် တာဝန်စတင်အပ်နှင်းခြင်းဖြစ်ပါကြောင်း၊ ယခုအောင်မြင်မှုသည် ပန်းတိုင်တစ်ခုမဟုတ်သေးဘဲ အနာဂတ်အတွက် အကောင်းဆုံးအစပြုခြင်းသာဖြစ်သည့် အတွက် မိမိတို့၏ကြိုးစားအားထုတ်မှုကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန်နှင့် မိမိပြည်နယ်နှင့် နိုင်ငံတော်အတွက်  လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိသည့် လူ့စွမ်းအား အရင်းအမြစ်ကောင်းများ ဖြစ်အောင်ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး ကျောင်းသား၊ ကျောင်းသူများကိုယ်စား လူရည်ချွန်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “လူငယ့်အားမာန် တိုင်းပြည်အဖိုးတန်” သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက သီဆိုကပြဖျော်ဖြေသွားသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် လူရည်ချွန်မောင်မယ်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူရည်ချွန်မောင်မယ်များ၏ မိဘများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)