မော်လမြိုင်ကျွန်း ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်ပေးမည့် ကျေးရွာမြေငှားဂရန် ထုတ်ပေးခြင်းလုပ်ငန်းအတွက် တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာရှိ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ကျေးရွာမြေငှားဂရန် လျှောက်ထားရာတွင် ရသင့်ရထိုက်သူများ ကျန်ရှိမှုမရှိစေရေးကိစ္စရပ်များ၊ ဌာနအလိုက် ဆောင်ရွက်ပေးမည့် လုပ်ငန်းစဉ်များ၊ သတ်မှတ်ငွေကြေးမှအပ ငွေကြေးကောက်ခံမှုမရှိစေရေး ကိစ္စရပ်များ၊ မြေငှားဂရန်လျှောက်ထားရာတွင် ပါဝင်ရမည့်အချက်အလက်များအား ဆွေးနွေးမှာကြားခဲ့ပြီး ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးကော်မတီ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဦးစီးမှူး ဦးဇော်ဝင်းလှိုင်မှ မြေငှားဂရန် လျှောက်ထားခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် အစိုးရသစ်လက်ထက် ရက်(၁၀၀)ကာလအတွင်း ပြည်သူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုစာရင်း ပုံစံ (၆၆/၆) ဆောင်ရွက်ပေးခြင်း၊ အသက်အပိုင်းအခြားအလိုက် နိုင်ငံသားစိစစ်ရေးကတ် အသစ်/လဲလှယ် ဆောင်ရွက်ပေးခြင်း၊ UID ရိုက်ကူးပေးခြင်း၊ E-ID sever ရှိ အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များ စိစစ်ပေးခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကတ်ပြားများအား ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)