ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ

ပုသိမ် ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်ခံရသည့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူးပေါင်း ဆောင်ရွက်သွားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်နှင့်အစိုးရ၊ အစိုးရနှင့် လွှတ်တော်တို့သည်  အပြန်အလှန်ထိန်းကျောင်းရင်း တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာဖြင့် တိုင်းဒေသကြီးအကျိုး၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု၍ ဆောင်ရွက်သွားမည်ဆိုပါက (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးသည် မလွဲဧကန် အောင်မြင်မှု အသီးအပွင့်များကို ပြည်သူများ ခံစားရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ လိုလားချက်၊ ပြည်သူ့ဆန္ဒများကို အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ ရက်ပေါင်း(၁၀၀) အကောင်အထည်ဖော်မည့် အစီအမံများ၊ တိုင်းဒေသကြီးက ဖော်ဆောင်မည့် ရက်(၁၀၀) အစီအမံများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များက အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊  တိုင်းဒေသကြီး ပိုမိုဖွံ့ဖြိုးဝေစည်အောင် တိုင်းဒေသကြီးအစိုးရနှင့်လွှတ်တော် လက်တွဲညီညီ ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အထွေထွေဆွေးနွေးပြောကြားခဲ့ပြီး လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များက ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးကဏ္ဍများအား တင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များက အပြန်အလှန် မိတ်ဆက်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ်  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)