တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ ဒေသခံပြည်သူများစုစုပေါင်း(၆၅၀)ဦးခန့် တက်ရောက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ပြည်သူလူထုအား တွေ့ဆုံရသည့်အတွက်ဝမ်းသာဂုဏ်ယူမိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပြည်သူကို ဗဟိုပြုသောအဖွဲ့ဖြစ်သောကြောင့်ပြည်သူ့အသံကိုနားထောင်ကာ ပြည်သူများ၏ လိုအပ်ချက်များကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ထားဝယ်ဒေသသည် သာယာလှပပြီး သယံဇာတပေါကြွယ်ဝကာ ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် စည်းလုံးညီညွတ်သည့် အစဉ်အလာကောင်းများရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကဦးဆောင်၍ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း ထားဝယ်သူ/သားများက ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးသည်အရေးကြီးသောကြောင့်  ဒေသတည်ငြိမ်အေးချမ်းမည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဦးဆောင်၍လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှာရှိသော ထားဝယ်သူ/ထားဝယ်သားများအားလုံးက ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ယူစဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဝိုင်းဝန်းကာအကြံဉာဏ်ကောင်းများပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အား ပြည်သူလူထုကရွေးချယ်တင် မြှောက်ထားသောကြောင့် ပြည်သူ၏အသံကိုနားထောင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ယူစဉ် ကာလအတွင်း အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ၊ ထားဝယ်ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးတွင်ပညာရေးအားနည်းသည်ကိုတွေ့ရှိခဲ့ရပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍသည်လည်းအရေးကြီးကြောင်း၊ စိုက်ပျိုးရေးအနေဖြင့် စပါးစိုက်ပျိုးမှုတွင်ထွက်နှုန်းကောင်းမွန်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့်မျိုး၊ ရေ၊ မြေ၊ မြေဩဇာကောင်းမွန်မှုသည်အရေးကြီးကြောင်း၊ မိမိဒေသမှထွက်ရှိသောစပါးများကို တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊  တိုင်းဒေသကြီးတွင် စိုက်ပျိုးမြေများစွာရှိပြီးအကောင်အထည် ဖော်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန် မကြာခင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ထားဝယ်သူ/ထားဝယ်သားများအနေဖြင့် အထူးစီးပွားရေးဇုန်တွင်စက်ရုံ၊ အလုပ်ရုံများ  ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အားပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့်အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းမင်းလတ်က ဒေသခံပြည်သူလူထု၏ အကျိုးစီးပွားအတွက်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးသန်းအောင်နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေးတို့က လွှတ်တော်ပထမပုံမှန်အစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များ၊ အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ထားဝယ်ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်

ထိုသို့ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်ပေးမည့်လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)