လွိုင်ကော် ဧပြီ ၂၅
ကယားပြည်နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၆)ကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သိရှိလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ထပ်ဆင့်ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားလိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရှေးရှု၍ လုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ထားမှန်ကန်ပြီး စိတ်ကောင်းစေတနာကောင်းများဖြင့် တက်ညီလက်ညီ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ကဏ္ဍများအပြင် လူငယ်လူရွယ်များ စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်များ တိုးတက်ကောင်းမွန်လာစေရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များလည်း ပေးအပ်ထားပြီးဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း အနီးကပ်ကြီးကြပ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများ၊ ဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းပေးရန်များကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)