ထားဝယ် ဧပြီ ၂၅
၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် (၈၄) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်အစည်းအဝေးကို ယနေ့ညနေ ၃ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားကို နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လုပ်ငန်းများဆောင်ရွက်ရာတွင် အခမ်းအနားပြင်ဆင်ရေးအပြင် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက်လစ်ဟာမှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်သန့်ရှင်းသပ်ရပ်စွာ ကျင်းပနိုင်ရေးဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးအားဂရုစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဆောင်ရွက်ရမည့်အစီအစဉ်များ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရားကြီးဂေါပကအဖွဲ့တို့က အခမ်းအနားပြင်ဆင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ရေရရှိရေး၊ စတုဒီသာများဧည်ခံကျွေးမွေးရေး၊ ပြည်သူများပူးပေါင်းပါဝင်လာစေရေးစသည်တို့ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)