တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲပေး

မြိတ် မေ ၂၅

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များသို့  သတ်မှတ်ရက်များအတိုင်း အသွားအပြန် လေယာဉ်ခရီးစဉ်များကို မြန်မာအမျိုးသားလေကြောင်းမှ L410 Turbolet အမျိုးအစား XYAMX လေယာဉ်ဖြင့် တိုးချဲ့ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ် ခရီးစဉ်ကို စတင်ပျံသန်းပြေးဆွဲပေးခဲ့သည်။

တိုးချဲ့ပျံသန်းပြေးဆွဲပေးသည့် လေယာဉ်ခရီးစဉ်များ၌ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် တနင်္ဂနွေနေ့တို့တွင် မြိတ်-ထားဝယ်-မြိတ် ခရီးစဉ်အဖြစ်လည်းကောင်း၊ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် မြိတ်-ဘုတ်ပြင်း-ကော့သောင်း-ဘုတ်ပြင်း-မြိတ် ခရီးစဉ်အဖြစ်လည်းကောင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကာ အဆိုပါ ခရီးစဉ်များကို ခရီးသည်(၁၉)ဦးအထိ L410 Turbolet အမျိုအစား  XYAMX လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။

တိုးချဲ့ပျံသန်းမည့် လေယာဉ်ခရီးစဉ် အသေးစိတ်အချက်အလက်များနှင့် လေယာဉ်လက်မှတ်များကို  မြန်မာအမျိုးသားလေကြောင်း Website ဖြစ်သည့် www.flymna.com တွင် ဝင်ရောက်ကြည့်ရှုဝယ်ယူနိုင်ပြီး သက်ဆိုင်ရာမြို့များရှိ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်များကို လမ်းပန်းဆက်သွယ်မှုခက်ခဲသည့်မြို့များသို့ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေ လွယ်ကူချောမွေ့စေရေးအတွက် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေဖြင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ ပျံသန်းပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)