ကန့်ဘလူမြို့၌ အပူရှောင်စခန်းပြင်ဆင်ထားရှိပြီးနောက် လာရောက်နေထိုင်နိုင်ရေးနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ကန့်ဘလူ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကန့်ဘလူခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် အပူရှောင်စခန်းအား အမှတ်(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ပြင်ဆင်ထားရှိပြီးဖြစ်ကာ လာရောက်နေထိုင်နိုင်ရေးနှင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခြင်းများကို ဧပြီ ၂၃ ရက်ညနေ ၅ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များအတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်တတ်သောရောဂါများကို ကုသပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအနေဖြင့် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သောရောဂါဖြင့် လူနာများရောက်ရှိလာပါက လက်ခံကုသပေးနိုင်ရန် လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ဖြည့်ဆည်းပြင်ဆင်ထားရှိပေးခြင်း၊ အရေးပေါ်ကုသပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်ကုသမှုပေးနိုင်ရေး၊ အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများအတွက် ကာကွယ်ကုသနိုင်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာကျော်ကျော်ဇင်ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)