တောင်ငူ ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက ပွဲတော်ဖွင့်ပွဲအမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့် မြို့မိမြို့ဖ ဦးတင်မောင်ဝင်းတို့က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဧပြီ ၂၃ ရက်နေ့မှ မေ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စွယ်တော်မြတ် (၂) ဆူ လှည့်လည်ပူဇော်ပွဲအား ဧပြီ ၃၀ ရက်နေ့၊ ညနေ (၃) နာရီအချိန်တွင် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာ ဝင်းခင်းလှည့်လည်ပူဇော်ခံ၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်တွင် လက်ယာရစ်တစ်ပတ်ပတ်ကာ အနောက်မြောက်ထောင့်ရှိ ဗောဓိညောင်ပင်တွင် ညောင်သွန်းလောင်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို