တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်

ထားဝယ် ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဧပြီ ၂၃ ရက်နေ့  ညနေ  ၄  နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်း နေရာယူပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးအား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီး တန်းအပ်သည်။

အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ယနေ့ကျင်းပပြုလုပ်သော တိုင်းဒေသကြီး မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲသည် တောင်ကြီးမြို့၌ ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၀) ရက်မှ (၁၉)ရက်အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးဘော်လီ ဘောပြိုင်ပွဲကိုသွားရောက် ယှဉ်ပြိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုဘော်လီဘောကစားသမားများ ရွေးထုတ်နိုင်ရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘော်လီ ဘောအားကစားကို ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာ အားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာပြီး ဘော်လီဘောအားကစား အဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘော်လီဘောအားကစားနည်းတွင် အောင်မြင်မှုအနေဖြင့် ၂၀၁၇ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသမီးအသင်းအနေဖြင့် ပထမ၊  (၂၀၁၈၊ ၂၀၁၉ ၊ ၂၀၂၂ )ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး အမျိုးသမီးပြိုင်ပွဲများတွင် တတိယနှင့် ၂၀၂၄ ခုနှစ် အမျိုးသားအားကစားပွဲတော်တွင် ဒုတိယရရှိခဲ့သောကြောင့် အောင်မြင်မှု အရှိန်အဟုန်များကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ဘော်လီဘောအားကစားသမားအားလုံးက ကြိုးစားအား ထုတ်သွားကြရန် မှာကြားလိုကြောင်း၊ ယခုပြိုင်ပွဲကနေ အရည်အချင်းရှိသော ဘော်လီဘော အားကစားသမားများကို စိစစ်ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲသို့ စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်‌သောကြောင့် ဘော်လီဘောအားကစားသမားများ အနေဖြင့် တိုင်းဒေသကြီးလက်ရွေးစင်အဖြစ် ရွေးချယ်ခံရအောင် ကိုယ်စီကျွမ်းကျင်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အနိုင်မခံ အရှုံးမပေးသော အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း၊ ဘော်လီဘောအားကစားသမားများအနေဖြင့် အရည်အချင်း ပြည့်ဝသော တိုင်းဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမျိုးသား ထားဝယ်မြို့နယ်အသင်းနှင့် ပုလောမြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ ထားဝယ်မြို့နယ် အသင်းက အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် အမျိုးသား (၆) သင်း၊ အမျိုးသမီး (၆) သင်းတို့က ဧပြီ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်