မကွေး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို တက်ရောက်၍ လမ်းညွှန်အမှာစကား ပြောကြားကာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင် (၇) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နိုင်ငံတော်အစိုးရအနေနဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကာလတို ကာလရှည်စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ပေးအပ်တဲ့အခမ်းအနားဖြစ်ပါကြောင်း၊ ယခု အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်မှာ ကျပ်(၁၄,၄၇၄.၁၄၀)ဘီလီယံဖြစ်ပြီး တိုးတက်မှုနှုန်း အနေနဲ့(၃.၉)ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ဦးတည်ချက်များနဲ့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ၏ ပန်းတိုင်များ မဟာဗျူဟာများနှင့်အညီ လုပ်ငန်းစဉ်များကို ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအနေနဲ့ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍများရဲ့ ပါဝင်မှုအချိုးအစားမှာ အများဆုံးဖြစ်တဲ့အတွက် လယ်ယာကဏ္ဍ တိုးတက် အောင်မြင်မှုရရှိရန် ရည်မှန်းထားတဲ့ စိုက်ဧကပြည့်မီရေး အထွက်နှုန်း အမှန်တိုးတက်ရရှိစေရေး သွင်းအားစုများ အချိန်အခါနှင့် အညီ အပြည့်အဝ အသုံးချ နိုင်ရေးကို ဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း၊ သို့မှသာ လယ်ယာကဏ္ဍ တိုးတက်ပြီး လယ်ယာကဏ္ဍကို အခြေခံတဲ့ စက်မှုကဏ္ဍလည်း တိုးတက်လာမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနအလိုက် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်မှာ ကျပ် ၁၀၄.၅၂၃ ဘီလီယံ လျာထားပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရာမှာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်၊ စည်းမျဉ်း စည်းကမ်းများ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်သွားကြရန်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီအောင် မျက်ခြေမပြတ် ကြီးကြပ်ဆောင်ရွက်သွားကြဖို့ အထူးမှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာမှာ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs (Micro Small & Medium Enterprises) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးရဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မီအောင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနအကြီးအကဲများက အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းနှင့် ပြည်သူများ အမှတ်တကယ် လိုအပ် ချက်ဖြစ်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဧပြီလမှ မတ်လ (နှစ်ကုန်ခန့်မှန်းခြေ) စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီးစီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းကရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင် (၇) ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကဏ္ဍအလိုက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးအားလုံးကို တာဝန်ပေးအပ်လိုက်တာဖြစ်ပြီး၊ တာဝန်ပေးအပ်ခံရသူအားလုံးက မိမိနှင့် သက်ဆိုင်သော ရည်မှန်းချက်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နှစ်စကတည်းက စီမံချက်များ စနစ်တကျ ရေးဆွဲဆောင်ရွက်ကြဖို့၊ ပြည်သူများအမှန်တကယ် လိုအပ်ချက်ဖြစ်တဲ့ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ယခင်နှစ်များကထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောက်ပေးကြဖို့နဲ့ မိမိတိုင်းဒေသကြီးအတွင်း လူမှုစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရာနှုန်းပြည့်မီအောင် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြဖို့အထူးမှာကြားလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)