တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဧပြီ ၂၄

မေလ ၁ ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ လုပ်ငန်းကော်မတီဝင်များ အခမ်းအနား ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးလုပ်ငန်း၊ ပြခန်းများ ခင်းကျင်းပြသရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ လုံခြုံရေးလုပ်ငန်းနှင့် အလုပ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည့်လုပ်ငန်းများ စသည့် ကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက မေလ ၁ ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနားအပြင် MSME လုပ်ငန်းများကို ခင်းကျင်းပြသဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ခင်းကျင်းပြသမှုများထက်ဆန်းသစ်ထီထွင်၍ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ MSME လုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများက အားပေးလျက်ရှိကြောင်း၊ ဒေသထွက်မုန့်များ၊ ထုတ်ကုန်များအပြင် တိုင်းဒေသကြီးမှ ထွက်ရှိသော ကုန်ကြမ်းများကို ပြည်သူများ စိတ်ဝင်စားမှုရှိအောင် ပြသဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ထွက်ကုန်များကို အရည်အသွေး ပြည့်မီအောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဥပမာအားဖြင့် ထားဝယ်ရိုးရာ အစားအစာများတွင် အရသာ လျော့နည်းကျဆင်းလာသည်ကို တွေရှိခဲ့ရကြောင်း၊ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများသည် နိုင်ငံ့စီးပွားတိုးတက်ရန် အခြေခံဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားတွင် ထုတ်ကုန်များကို ပြသမှုသည် အရည်အသွေးများ မြင့်မားတိုးတက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့အတူ လုပ်ငန်းများ တိုးချဲ့ပြီး HR သင်တန်းများကို ဖွင့်လှစ်ပို့ချပေးရန် လိုအပ်ကြောင်း၊ သင်တန်းမှတစ်ဆင့် တီထွင်ဉာဏ်များကို ရရှိမည်ဖြစ်သော ကြောင့် MSME လုပ်ငန်းများ ရှေ့ဆက်၍ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထားဝယ်ရိုးရာ အစားအစာများ၊ မြန်မာ့ရိုးရာအစားအစာများကို ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးရန် လိုအပ်ပြီး MSME လုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ အားပေးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားနှင့် ကိုက်ညီအောင် တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်  ဆွေးနွေးခဲ့ကြောင်း သတင်းရသည်။

 ကျော်ကျော်လတ် (ပြန်/ဆက်)