တနင်္သာရီမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြော

တနင်္သာရီ ဧပြီ ၂၄

 တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ တောမီးဖြစ်ပွားမှု လျော့နည်းစေရေးနှင့် မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို လျှော့ချနိုင်ရေးအတွက် ယနေ့ မွန်းလွဲပိုင်းက မြို့နယ်သစ်တောဦးစီးဌာန၌  အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲတွင် မြို့နယ်သစ်‌တောဦးစီးဌာန၊ တောအုပ်ဦးဇေယျာမိုးက ‌အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများအား သစ်တောထိန်းသိမ်းရေး၏ အရေးပါမှု၊ သစ်ပင်များသည် ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုများ၊ တောမီးဖြစ်ပွားရခြင်း၏ အကြောင်းရင်းများနှင့် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့ကြသည်။ ဆက်လက်၍ တနင်္သာရီမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ် ဦးမောင်မောင်ကျော်မှ တောမီးလောင်ကျွမ်းမှုကြောင့် လေထုအတွင်း မီးခိုးမြူငွေ့များ တိုးပွားလာကာ လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မီးရှို့ခြင်းအလေ့အထများကို လျှော့ချကာ ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် နည်းလမ်းများကို အသုံးပြုသင့်ကြောင်းလည်း အသိပညာပေး ဆွေးနွေးခဲ့သည်။

ထို့နောက် သစ်တောဝန်ထမ်းများက မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြပြီး သစ်တောထိန်းသိမ်းရေး၊ သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှ ကာကွယ်ပေးခြင်းဆိုင်ရာ Video Clip များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)