တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း Dip.EP အမှတ်စဉ်( ၂/ ၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဧပြီ  ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ သင်တန်းDip.EP အမှတ်စဉ်(၂/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်ပညာရေး ဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပရာ ဦးစွာ ဆရာမများက “ဘက်စုံဦးတည် DEDC" တေးသီချင်းဖြင့်ဖျော်ဖြေ တင်ဆက်သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက နိုင်ငံတော်၏ ဦးတည်ချက် (၃)ရပ်တွင်ပါဝင်သော “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအဓွန့်ရှည် တည်တံ့ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အနာဂတ်တွင်နိုင်ငံ့တာဝန်ကို လွှဲပြောင်းထမ်းဆောင်ကြရမည့် လူသားအရင်းအမြစ်ကို စဉ်ဆက် မပြတ်ပြုစုပျိုးထောင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးတွင် ဆရာ၊ ဆရာမများ၏ကဏ္ဍသည် အရေးပါလျက်ရှိကြောင်း၊ လူငယ်များအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့်ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကစွမ်းအားစုအဖြစ်ပါဝင်လာ နိုင်စေရန် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ် လူငယ်အားလုံးပညာသင်ယူခွင့်ရရှိရေးနှင့်အနည်းဆုံး  KG+9 ပြီးဆုံးသည်အထိ ကျောင်းတက် နိုင်ရေးအတွက် အခမဲ့ ပညာရေးစနစ်ဖြင့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်မည့် ဘက်စုံပညာရေးစနစ်ကို ဦးတည်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေမြင့်မှလူမှုဘဝ များလည်းမြင့်မားလာမည်ဖြစ်ကာ ထိုမှတစ်ဆင့် လူ့အဖွဲ့အစည်း မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆရာအတတ်ပညာသင်တန်းသို့ တက်ရောက်ကြသည့်ဆရာ၊ ဆရာမများအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တမကျန် ဘက်စုံဖွံ့ဖြိုးတိုးတက်သော မြန်မာ့လူ့ဘောင်ကို အကျိုးပြုသည့်နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ပညာရေးကဏ္ဍအနေဖြင့် အားနည်းနေသည်ကို တွေ့ရှိရပြီး ပညာရေးကဏ္ဍအားအလေးထားဆောင်ရွက်ပေးကြရန်လိုအပ်ကာ ပညာရေးသည်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် အလေးထားကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက်ထားဝယ်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ အချက်အလက်များအားတင်ပြပြီး ဆရာ၊ ဆရာမများက “ဗလငါးတန်တို့ရည်သန်” တေးသီချင်းနှင့် “လူချွန်လူကောင်းတို့ဂုဏ်ရည်”တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေကျပ် သိန်း (၃၀) ပေးအပ် ချီးမြှင့်ပြီး တက်ရောက်လာသောသင်တန်းသား ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း Dip.EP အမှတ်စဉ်(၂/ ၂၀၂၆) သင်တန်းတွင် သင်တန်းသားဆရာ၊ ဆရာမ ၂၇၀ ဦးအား မေ ၂၂ ရက်နေ့အထိ စာတွေ့၊ ရေးဖြေများဖြင့် သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)