မုံရွာ ဧပြီ ၂၃
၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနုဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြိုင်ပွဲဝင်အသင်းများမှ စစ်ကြောင်းမှူးနှင့် ဘင်ခရာတပ်ဖွဲ့ဦးဆောင်၍ စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုကာ ကွင်းအတွင်းနေရာယူကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်အနေဖြင့် မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအား အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများအား တိကျစွာလေးစားလိုက်နာသွားကြရန်နှင့် ထူးချွန်သည့် ဘောလုံးသမားများဖြစ်အောင် ရည်မှန်းချက်ပန်းတိုင်ထားပြီး မိမိတို့၏ ခြေစွမ်းခြေစ အရည်အချင်းများကို ပေါ်လွင်အောင် အားကစားစိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ကာ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲအသင်းများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကာ အားကစားသမားများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများမှ မုံရွာမြို့၊ အမှတ်(၂)စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန််းကျောင်း (အလုံ)မှ ဘင်ခရာ/ ပန်းပွားအဖွဲ့နှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသူများ၏ Fitness Dance အဖွဲ့များ၏ တီးမှုတ်ကပြဖျော်ဖြေမှုများအား ကြည့် ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် စစ်ကိုင်းခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အပါအဝင် ခရိုင် ၁၄ ခရိုင်မှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း- ၂၈၀ ဦး ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဧပြီလ ၂၃ ရက်မှ မေလ ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များနှင့်လည်း ကိုက်ညီ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ အခြေခံစားဝတ်နေရေးကိုလည်း ဖြည့်ဆည်းပေးနိုင်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား အထောက်အကူဖြစ်စေမည့် အခြေခံအဆောက် အအုံများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ဦးစားပေးခွင့်ပြုပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေ ဖြင့် နိုင်ငံပိုင်အခန်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း များအား အရည်အသွေးပြည့်မှီစွာဖြင့် အချိန်မှီပြီးစီးအောင် ကြပ်မတ်ဆောင်ရွက်သွားကာ ကဏ္ဍနှင့်ဒေသအလိုက်လျာထားသည့် ဂျီဒီပီတိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီမံကိန်းဦးစီးဌာနရုံးမှ တိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ပတ်သက်၍ Power Point ဖြင့်ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့ထံ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးများအား ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နီဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)