ပွင့်ဖြူ ဧပြီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကန်ဆွယ်ကျေးရွာ၌ ကွင်းဆင်းပြုလုပ်ပေးသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူရနှင့် ဝန်ထမ်းများအဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ကျေးရွာအရောက် ကွင်းဆင်း၍ အသက်(၁၀)နှစ်ပြည့် ၊ အသက် (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသားကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း ၊ UID နံပါတ်များ ထုတ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်လိုသူများကို အချက်အလက်များ ကောက်ယူ၍ အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း လုပ်ငန်းများကို နေ့ချင်းပြီး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )