ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲလွမ်းဧကအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၁၆ ဒသမ ၅၇ တင်း ထွက်ရှိ

ပွင့်ဖြူ ဧပြီ  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲလွမ်းဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် ၁၆ ဒသမ ၅၇ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။  

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲလွမ်း ၂၁၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ ပဲလွမ်းစိုက်ခင်းများကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံးကို ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ဒသမ ၅၇ တင်း ထွက်ရှိကြောင်း သိရသည်။

"ဆောင်းသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲလွမ်း ၂၁၇၃ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ ပဲလွမ်းစိုက်ခင်းတွေ လက်ရှိမှာ ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ပဲလွမ်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းတိုးတက်စေဖို့၊ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ ပဲလွမ်းက ဈေးကွက်ရှိတာကြောင့် တစ်နှစ်ထက် တစ်နှစ် စိုက်ဧကတွေ တိုးတက်လာပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ပဲလွမ်းစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ တိုးတက်စေရန် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး ၊  မြေဩဇာနှင့် သွင်းအားစုများ မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး ၊ အချိန်မီ သီးနှံရိတ်သိမ်း နည်းပညာများ စသည့် တောင်သူအသိ ပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ပဲလွမ်းကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ပဲလွမ်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )