ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ဝန်ထမ်းများ၊ တောင်သူများနှင့်တွေ့ဆုံ၊ ရက်(၁၀၀)အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဧပြီ  ၂၃

စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ဝန်ထမ်းများ၊ တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မိမိတို့ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံထားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံထားသည့် စက်မှုလုပ်ငန်းကို အဓိကထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ကြပြီး ၅၀ ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေထွက်ပစ္စည်း၊ သစ်တောလုပ်ငန်းများတွင် အလုပ်လုပ်နေကြသူများဖြစ်ကြောင်း၊ စားရေရိက္ခာအတွက် အဓိကကျသည့် ဆန်စပါးကို လယ်ယာမြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ ပြည်တွင်း စားသုံးမှုဖူလုံရုံသာမက ပြည်ပကို ဆန်စပါးတင်ပို့နိုင်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ဆီဖူလုံမှုရှိစေရန် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကိုအခြေခံကာ MSME လုပ်ငန်းများအဖြစ် တန်းဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းကို အခြေခံပြီး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မျိုးကောင်း၊ မျိုးသန့်များဖြန့်ဖြူးနိုင်ရေး မျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့စိုက်ပျိုးသွားရမည်ဖြစ်ကြောင်း၊  တောင်သူများအတွက် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သွင်းအားစုများ၊ လယ်ယာသုံးစက်ကိရိယာ ဖြန့်ဝေနိုင်ရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအတွက် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကိုလည်း ယခင်နှစ်ထက် တိုးမြှင့်ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း တောင်သူများ နည်းစနစ်တကျစိုက်ပျိုးနိုင်ရန် အသိပညာပေးဆွေးနွေးပွဲ များကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အလားတူရေလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းများကိုလည်း ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေလုပ်ငန်းမှ ရရှိသော ကုန်ကြမ်းများအား ကုန်ချောအဖြစ်ပြုလုပ်ကာ နိုင်ငံခြားဝင်ငွေရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဆိုလာစနစ်ဖြင့် ကျေးလက်ရေရရှိရေး၊ စိုက်ပျိုးရေရရှိအတွက် ဆောင်ရွက်နိုင်ရန် စီမံထားရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများ အနေဖြင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းနေပျော်၍ စာတော်နိုင်ရေးအတွက် မိမိသားသမီးနှင့် နီးစပ်ပတ်ဝန်းကျင်မှ ကလေးငယ်များ ပညာသင်ကြားနိုင်ရေး၊ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နေ့လယ်ပိုင်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စစ်တွေမြို့၊ မြို့ရေပေးဝေရေးနှင့်ပတ်သက်၍ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နွေရာသီကာလတွင် မြို့ပေါ် ရပ်ကွက်များအတွင်း ရေပြတ်လပ်မှုများမဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရေပြတ်လပ်မှုကြောင့် လူသားတို့၏ နေ့စဉ်ဘဝကို ထိခိုက်စေသည့်အပြင် ကျန်းမာရေးအန္တရာယ်ကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း၊ ထို့ကြောင့် မြို့ရေပေးဝေရေးစနစ် ကောင်မွန်စေရန် တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ တာဝန်မဟုတ်ဘဲ အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိုးရ၊ ဌာန၊ ပြည်သူအားလုံးပူးပေါင်းဝိုင်းဝန်းဆောင်ရွက်ပါက နွေရာသီသောက်သုံးရေရှားပါးမှုနှင့် ပြည်သူများ၏ရေအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး၊ ဦးကျော်မိုးက စစ်တွေမြို့၊ ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက အကြံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေး ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ မျိုးသန့်ခြံမှ မြေအောက်ရေတူးဖော်ပြီး ဆိုလာစနစ်ဖြင့် ရေစုကန်မှတစ်ဆင့်ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်ရေးဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက ကန်တော်ကြီးသို့ ရေအကူ ဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေအောက်ရေအား ဆိုလာစနစ်ဖြင့် ရေစုကန်မှတစ်ဆင့် ကန်တော်ကြီးသို့ ရေဖြည့်တင်းနိုင်ရေး ဆောင်ရွက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မျိုးသန့်ခြံအတွင်း အဆင့်မြင့်လယ်ယာစနစ် ဖော်ထုတ်ထားရှိမှုအပေါ်တွင် မြေဆီဩဇာကောင်းမွန်ရေးအတွက် သဘာဝမြေဩဇာနှင့် ပိုက်ဆံလျှော်ပင်များစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးချိန်အမီ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်တော်ကြီးသို့သွားရောက်ပြီး ကန်တော်ကြီးတွင် ရေသိုလှောင်ထားရှိမှုအခြေအနေများ၊ ရေဖြန့်ဝေပေးနေမှုအခြေအနေများ၊ ကန်တော်ကြီး(Intake Tower)၏ ကြံ့ခိုင်မှု အခြေအနေများ၊ ကန်တော်ကြီးသို့ ရေအကူဖြည့်တင်းနေမှုအခြေအနေများ၊ စစ်တွေမြို့ရှိ ရပ်ကွက်နေမှုပြည်သူများ အား ရေဖြန့်ဝေပေးနေမှုအခြေအနေများ အားလှည့်လည်ကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်အတွင်းရှိ ပြည်သူများနွေရာသီရေ ပြတ်လတ်မှုမရှိစေရေးအတွက် ကန်တော်ကြီးရေပိုက်လိုင်းမှရေများအား ဆိုလာစနစ်ဖြင့်စုပ်ယူ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည့်အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာာ ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)