ကန့်ဘလူ ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် (၁၆) ခု တင်ဆံ့ တိုင်းရင်းဆေးရုံတို့ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဧပြီ ၂၁ ရက်နံနက် ၇ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ရုံး၌ အခမဲ့ စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးသည်။
အဆိုပါကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကန့်ဘလူမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ (၁၆)ခု တင်ဆံ့တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်နှင့်ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသူ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ခါးနာ၊ ဒူးနာ စသည့် အခြေခံကျန်းမာရေးရောဂါဆိုင်ရာများကို ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်း၊ ရောဂါဝေဒနာရှင်အလိုက် ဆေးဝါးများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည်များကို စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)