ပြည်တက္ကသိုလ်၌ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့် Main Course သင်တန်းဖွင့်လှစ်

ပြည် ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊  ၂၀၂၆ ခုနှစ် မူလတန်းပြ ဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည်။

ဦးစွာပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး(ရုံးခွဲ)ပြည်မှ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချစ်ကိုကိုတို့က သင်တန်းနှင့် ပတ်သက်၍ အမှာစကားများပြောကြားပြီး ပြည်တက္ကသိုလ် အင်္ဂလိပ်စာဌာန စာသင်ဆောင်များ၌ သင်တန်းပို့ချနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို ဧပြီ ၂၀ ရက်မှ မေ ၂၂ ရက်အထိ သင်တန်းကာလတစ်လကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ ပြည်ခရိုင်အတွင်း မြို့နယ်(၄)ခုမှ အခြေခံပညာ မူလတန်းဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း ၃၀၀ ဦးတက်ရောက်ပြီး သင်တန်းတွင် ပြည်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ သင်တန်းနည်းပြ နှစ်ဦးအပါအဝင် ပြည်ပညာရေး ဒီဂရီကောလိပ်မှ နည်းပြတစ်ဦးနှင့် အခြေခံပညာဦးစီးဌာနမှ နည်းပြဆရာ၊ ဆရာမ ၁၀ ဦးတို့က စာတွေ့/လက်တွေ့သင်ကြားပို့ချပေးလျက်ရှိကာ အခြေခံပညာမူလတန်းပြ ဆရာ၊ ဆရာမ များအား အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာ အရေး၊ အပြော၊ အဖတ်နှင့် နားထောင်ခြင်း (4 Skills) ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)