စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတက်ရောက်

မုံရွာ ဧပြီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စာရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် အသား၊ ငါး၊ ဥ များအား လုံလောက်စွာ မွေးမြူ ထုတ်လုပ်သွားရေး၊ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ခြံလှောင်စနစ်ဖြင့် စနစ်တကျမွေးမြူသွားရေး၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မွေးမြူရေးအစာများနှင့် ထုတ်ကုန်များတင်ပို့ရောင်းချနိုင်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်စည်းဆင်းမှု မြန်ဆန်စေရေးအတွက် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့်လည်း လိုအပ်ချက်များရှိပါက ယခုအစည်းအဝေးတွင် ဆွေးနွေးတင်ပြသွားကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။   

ယင်းနောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြလုပ်သည့် တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရေး၊ သက်ကြီးအဘိုးအဘွားများနှင့် ကလေးငယ်များအတွက် အပူရှောင်စခန်းများဖွင့်လှစ်သွားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရေးနှင့် လိုအပ်ချက်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။    

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)