စစ်တွေ ဧပြီ ၂၂
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပင်စင်လစာထုတ်ယူရန် လာရောက်ကြသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး အငြိမ်းစားဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်ပေးနိုင်ရန်အတွက် လိုအပ်သော စိစစ်မှုများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးနေမှု၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများ ဆောင်ရွက်နေမှုနှင့် စစ်တွေမြို့၊ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် ဆန်နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ချီးမြှင့်ကြသည်။
အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်း ဆောင်ရွက်ရာတွင် ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေး ပေးခြင်း၊ နှလုံးရောဂါစစ်ဆေးခြင်းနှင့် အီးစီဂျီရိုက်ပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး လိုအပ်သော ဆေးဝါးများကိုလည်း အခမဲ့ထုတ်ပေးကြသည်။ အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း အငြိမ်းစား ဝန်ထမ်းများအား တိုင်းရင်းဆေးဝါးများနှင့် ကုသပေးခြင်းများကို ဆောင်ရွက်ပေးကြပြီး တိုင်းရင်းဆေးများကို အခမဲ့ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ဆန်နှင့်စားသောက်ဖွယ်ရာများ ပေးအပ်ချီးမြှင့် ခြင်းများကို စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ လစဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့် လမ်းညွှန်အမှာစကားများအပေါ် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေနှင့် တိုးမြှင့်လုပ်ဆောင်သွားမည့် အခြေအနေများအားရှင်းလင်းတင်ပြခြင်း အစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားချက်တွင် ရက် (၁၀၀) အတွင်း လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရခိုင်ပြည်နယ်အနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်ဖြင့် ဆောင်ရွက်ရမည့် အခြေအနေများ၊တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ချပေးမည့် အခြေအနေများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ကျေးလက်ရေရရှိရေး၊ စိုက်ပျိုးရေးရရှိဆောင်ရွက်မည့်အစီအမံများ၊ အခြေခံပညာအလယ်တန်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကျောင်းများ ဖွင့်လှစ်သင်ကြား သွားမည့်အစီအမံများ၊ အားကစားကဏ္ဍမြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရေး၊ မူကြိုကျောင်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊ သူနာပြုကျောင်းများကို သူနာပြု သိပ္ပံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရေး စသည့်ကဏ္ဍများ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ထိုသို့ လမ်းညွှန်မှုများအပေါ်တွင် ကျောင်းနေအရွယ် ကလေးငယ်များ ကျောင်းတက်ရောက်နိုင်ရေး ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကျောင်းတက်ရောက်ရမည့် ကလေးငယ်များ စာသင်ခန်းထဲရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ကျောင်းနေပျော်၍ စာတော်ရန်လိုကြောင်း၊ အလားတူ ကျောင်းများဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ ဆင်ခြင်တုံ တရားဖြင့် ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်အကြီးအကဲက နှစ်အလိုက်ပညာရေးအတွက် ရန်ပုံငွေ များကို တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက်လည်း အထူးအလေးပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံ၍ စီးပွးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျေးလက်ရေရရှိရေး၊ စိုက်ပျိုးရေရရှိရေးအတွက် စက်စွမ်းအင်ကို အသုံးပြုမည့်အစား ဆိုလာစနစ်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိတို့ဒေသမှရရှိသော ကုန်ကြမ်းများဖြင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူသမဝါယမစနစ်ဖြင့်လည်း ကုန်ထုတ် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများ အတွက် မတည်ရင်းနှီးငွေများ ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထုတ်ကုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကို ရခိုင်ပြည်နယ်၌လတ်တလော အဆင်ပြေသည့်နေရာများတွင် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ အလားတူတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ပြင်မြို့ရွာများ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး အားသွန်းခွန်စိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခေတ်သစ်၊ စနစ်သစ်၊ မူဝါဒသစ် အပြောင်း အလဲများ ဖြစ်လာသောအချိန်မှာ စေတနာပါပါဖြင့် လုပ်ဆောင်ပေးကြရန်ဖြစ်ကြောင်း၊ အဂတိ ကင်းကင်းဖြင့် လုပ်ဆောင်ပေးကြရန်လိုပါကြောင်း၊ မိမိကိုယ်တိုင်ကင်းရှင်းပြီး ပတ်ဝန်းကျင်ကိုလည်း ကင်းရှင်းအောင် လုပ်ဆောင်ပေးကြစေလိုပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်းပျက်စီးစေကြောင်း၊ ထို့ကြောင့် စိတ်ကောင်းစေတနာ ကောင်းများရှိကြရန်၊ Mindset များကို ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း စသည့်တို့ကို ပြောကြားသည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဆိုင်ရာများနှင့်အတူ စစ်တွေမြို့၊ သာသနာ့ဗိမာန်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲသို့ တက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ပြည်နယ် ဩဝါဒါစရိယ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ ဆရာတော်ကြီး၊ မြို့နယ်ဩဝါဒါစိယ ပညာလင်္ကာရကျောင်းတိုက် ဆရာတော်ကြီးအဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာဂိန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပညာမဏ္ဍိုင် ကျောင်းတိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာဂန္တဝါစက ဘဒ္ဒန္တဣန္ဒာဝုဓ၊ ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့(ဗဟို)အဖွဲ့ဝင်၊ ပြည်နယ်အတွင်းရေးမှူး၊ ရွှေစေတီကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တအရိယဝံသထံမှ ဩဝါဒခံယူကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ နန္ဒာရာမပရိယတ္တိ စာသင်တိုက်ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)