နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

နတ်တလင်း ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၆၂) ဦးအား အခြေခံရောဂါ ရှာဖွေစမ်းသပ်စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာ‌ပေးခြင်း၊ ဆီးချိုသွေးချို တိုင်းတာ‌ပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်‌ပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်း များကို (အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လစဉ် (၂၁) ရက်နေ့တိုင်း အငြိမ်စားနိုင်ငံ့ ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးသန့်ထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)