ကျွန်းလှ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် နှစ်ရှည်ပင်ဖြစ်သည့် ကီလိုမာလကာကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိကြကြောင်း သိရသည်။
“ကျွန်တော် ကီလိုမာလကာ အပင် ၅၀ ခန့်နေအိမ်ခြံဝင်းအတွင်း စိုက်ပျိုးခဲ့တာ နှစ်နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ လွယ်ကူပြီး ကုန်ကျစရိတ်သက်သာပါတယ်။ စိုက်ပျိုးပြီး တစ်နှစ်အတွင်း မိုးရာသီနဲ့ နွေရာသီနှစ်ကြိမ်သီးပါတယ်။ အခုနွေရာသီမှာသီးတဲ့ မာလကာသီးက ပိုချိုပြီးစားလို့ကောင်းတဲ့အတွက် လူကြိုက်များပါတယ်” ဟု အင်းကြင်းမြိုင်ရပ်ကွက် ကီလိုမာလကာ စိုက်ပျိုးသူတစ်ဦးက ပြောသည်။
အဆိုပါကီလိုမာလကာသီးများကို မြို့ပေါ်ဈေးများတွင် ပြန်လည်ရောင်းချသူများ၊ ဒေသခံပြည်သူများက ခြံအထိလာရောက်ဝယ်ယူကြကြောင်း မာလကာသီးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံးငွေကျပ် ၅၀၀ မှ ၁၀၀၀ ဖြင့် ရောင်းချရကြောင်း စိုက်ပျိုးသူများ မိသားစုဝင်ငွေ ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ