ရွှေဘို၊ ဧပြီ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ အခြေခံပညာမူလတန်းပြဆရာ၊ ဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် ပိုမိုမြင့်မားလာစေရန်အတွက် ရည်ရွယ်၍ "အင်္ဂလိပ်စာအရည်အသွေးမြှင့် သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရွှေဘိုတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် သင်တန်းနည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမြတ်မြတ်သော်က သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ရာ “အဆိုပါသင်တန်းသည် မူလတန်းအဆင့် သင်ရိုးသစ် ဘာသာရပ်များသင်ကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု၍ ထိရောက်သော သင်ကြားမှုနည်းစနစ်များ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
သင်တန်းကာလမှာ (၂၀.၄.၂၀၂၆)ရက်နေ့မှ (၂၂.၅.၂၀၂၆)ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ (၁၀၀)ဦး တက်ရောက်လျက်ရှိသည်။ သင်တန်း၌ အပြန်အလှန်ဆွေးနွေးမှု အခြေပြုသင်ကြားခြင်းနှင့်လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနည်းလမ်းများဖြင့်ပို့ချသွားမည်ဖြစ်ရာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားလာမှုနှင့်အတူ မျိုးဆက်သစ် ကျောင်းသားများ၏ အင်္ဂလိပ်စာ အခြေခံကောင်းများကို ပိုမိုခိုင်မာအောင် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)