မြို့သစ်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

မြို့သစ် ဧပြီ ၂၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်မီးသတ်ဦးစီးဌာနက ပြည်သူများမီးပေါ့ဆမှုမရှိစေရန်နှင့် မီး‌လောင်မှုလျှော့နည်းပပျောက်စေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို မြို့သစ်မြို့နယ်၊ မြို့ပေါ်(၅)ရပ်ကွက်၌ ယမန်နေ့နေ့လည်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိ၏လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက  မြို့သစ်မြို့ရှိ ရပ်ကွက်နေအိမ်များသို့ လိုက်လံကာမီးအသုံးပြုမှုများစစ်ဆေးပြီး၊ မီးဘေးကြိုတင်ကာကွယ်‌ရေးအချက်များသိရှိရန်၊ မီးလောင်မှုမရှိစေရေးအထူးဂရုပြုရန်၊ လျှပ်စစ်မီးစနစ်တကျအသုံးပြုရန်၊ မီးဘေးကာကွယ်ရေးပစ္စည်းများဖြစ်သော မီးသတ်ဆေးဗူး၊ မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးနှင့်ဆက်စပ်ပစ္စည်းများ စနစ်တကျ‌ဆောင်ရွက်ထားရန်တို့ကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့အပြင် မြို့နယ်အတွင်းရှိ ပြည်သူများမီးပေါ့ဆမှုမရှိစေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မြို့ပေါ်ရပ်ကွက်/ကျေးရွာများတွင် မီးသတ်တပ်ဖွဲ့ဝင်များက အသံချဲ့စက်ဖြင့်လှည့်လည်၍ အပတ်စဉ် လှုံ့ဆော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း ပြန်/ဆက်