ကြံခင်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် တတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာစီစာကုံးရေးသားရာတွင် လိုက်နာရမည့် စည်းကမ်း များအား သိရှိနိုင်စေရန် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများမှ နေ့ထူးနေမြတ်များ၊ အထိမ်းအမှတ်နေ့များတွင် စာစီစာကုံးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်တတ်လာစေရန်၊ စာကြည့်တိုက်များတွင် အထောက်ကူပြုစာပေများ ရှာဖွေ တတ်လာစေရန်နှင့် ဗလငါးတန်ပြည့်စုံလာစေရန်အတွက် စဉ်ဆက်မပြတ် ပြိုင်ပွဲများကို (Community Centre)ခန်းမ၌ ကျင်းပပေးလျက်ရှိကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ “ကဆုန်ညောင်ရေသွန်းပွဲ” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၃ ဦး ဝင်ရောက်ဖြေဆိုကြသည်။
မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)