မြန်အောင် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏လမ်းညွှန်မှုဖြင့် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား ရှေးဦးသူနာပြုစုခြင်း(အခြေခံ) အဆင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယနေ့နံနက်က မြန်အောင်မြို့ အ.ထ.က(၂)နေခြည်ကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) အဆင့်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ် သည်။
အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့် မြန်အောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေတို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါ်ပြုံးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အ.ထ.က(၂) နေခြည်ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကြက်ခြေနီ ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းဖွင့်ပွဲကျင်းပခဲ့သည်။
ကျောင်းသားလူငယ်များ ကြက်ခြေနီစိတ်ဓါတ်ရှိပြီး ရုတ်တရက်ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကို ကူညီနိုင်ရန်၊ ကာကွယ်နိုင်ရန် ကြက်ခြေနီစိတ်ဓါတ် ပြည့်ပြည့်ဝဝရှိလာစေရန် သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးသူနာပြုစုခြင်း အခြေခံသဘောတရားများနှင့် သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာများ သင်ကြား သွားမည်ဖြစ်ပြီး ရှေးဦးသူနာပြုစုခြင်း(အခြေခံ) အဆင့်သင်တန်းများကို မြန်အောင်မြို့နယ်တွင် အ.ထ.က (၂)နေခြည်၊ အ.လ.က လက်ပံရပ် ၊ အ.ထ.က(ခွဲ) ရေနံမြေ၊ အ.ထ.က(၁) မြန်အောင်တို့၌ သင်တန်းသား/သူ (၁၅၀) ဦး သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် မေလ ၈ ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားတွင် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ဝင်းဗိုလ်(မြန်အောင်)