ကန့်ဘလူ ဧပြီ ၂၀
မြန်မာလူမျိုးများသည် မြန်မာနှစ်သစ်ကူးအချိန်ကာလ နှစ်ဆန်းပိုင်းတွင် ပူဇော်ထိုက်သူကို ပူဇော်သည့် မင်္ဂလာတရားတော်နှင့်အညီ အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား ပူဇော်ကန် တော့သည့်အခမ်းအနားကို နိုင်ငံအနှံ့တွင် ရိုးရာထလေ့အဖြစ် ကျင်းပဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသည့် ဘိုးဘွားများအား ခရိုင်/မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လက်သည်း/ခြေသည်းများ ညှပ်ပေးခြင်း၊ မုန့်နှင့်လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိတ်သတ်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ အဘိုးအဘွား ၅၇ ဦး (တက်ရောက်) တို့အား တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများကို ပေးအပ်ပူဇော်ကြသည်။
ထို့နောက် အဘိုးအဘွားများကိုယ်စား အမှတ် (၃) ရပ်ကွက်မှ အဘိုးဦးထွန်းဝေက ကျေးဇူးတင်ဆုပေးစကားပြောကြားသည်။ မြို့ပေါ်ရပ်ကွက် (၅) ခုမှ အခမ်းအနားသို့ မတက်ရောက်နိုင်သော အဘိုးအဘွား ၈၃ ဦးတို့အား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အိမ်တိုင်ရာရောက် ပေးအပ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)