ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် ချောင်းဦးမြို့ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံမိတ်ဆက်

ချောင်းဦး ဧပြီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်မှ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ လုပ်ငန်းရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရင်းနှီးစွာတွေ့ဆုံ၍ မိတ်ဆက်စကားပြောကြားသည်။

ရှေးဦးစွာ မိမိသည်ချောင်းဦးမြို့နယ်ရှိ ပြည်သူများ ထောက်ခံဆန္ဒမဲပေးခဲ့၍ ပြည်သူလွတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်လာခဲ့ကြောင်း၊ မိမိသည် ပြည်သူနှင့် နိုင်ငံတော်အစိုးရအကြား ပေါင်းကူး တံတားသဖွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခုတက်ရောက်လာသည့် မြို့မိမြို့ဖ တာဝန်ရှိသူများ ဒေသလိုအပ်ချက်များကို တင်ပြဆွေးနွေးစေလိုကြောင်း၊ မိမိအနေဖြင့် ဒေသလိုအပ်ချက်များကို အထက်အဆင့်ဆင့်သို့ တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်းပြော၍ မိတ်ဆက်သည်။ တက်ရောက်လာသည့် မြို့မိမြို့ဖတာဝန်ရှိသူများကလည်း ဒေသအတွင်း လိုအပ်ချက်များကို ပြောဆိုဆွေးနွေး၍ တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးမှ ချောင်းဦးမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ရှေ့လုပ်ရမည့်လုပ်ငန်းများ တင်ပြဆွေးနွေးခဲ့ပြီး တွေ့ဆုံမိတ်ဆက်ပွဲသို့ ပြည်သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ အင်အား ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင်