ကျွန်းလှ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို ချောင်းရေ၊ မြေအောက်ရေတင်ပြီး စိုက်ပျိုးလျက်ရှိရာ ယခုနှစ်နွေရာသီစိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော်ချောင်းရေတင်ပြီး မိုးမျှော်ငရုတ် နှစ်စဉ်စိုက်ပျိုးပါတယ်။ ဒီနှစ်နွေရာသီမှာ မိုးမျှော်ငရုတ်အပင် ၂၅၀ စိုက်ပျိုးရာ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ရေတင်ခနဲ့ လုပ်အားခအပါဝင် ငွေကျပ်နှစ်သိန်းကျော်ကုန်ကျပါတယ်။ အခုအခါ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်း နေပါတယ်။ အရင်နှစ်က ငရုတ်အစိုတစ်ပိဿာ ငွေကျပ် ၄၅၀၀ ဈေးရောင်းခဲ့ရပြီး ဒီနှစ်သီးနှံပေါ် ချိန် ဈေးကောင်းရရှိဖို့မျှော်လင့်နေရပါတယ်” ဟု ရှမ်းစုကျေးရွာ ငရုတ်စိုက်တောင်သူ ဦးဖိုးအေးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် မိုးမျှော်ငရုတ်နှင့် ကုလားအော်ငရုတ်စိုက်ပျိုးကြကြောင်း၊ အောင်မြင် ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေး ပြုလုပ်သုံးစွဲရေး ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ