ကြံခင်း ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ထားဝယ်ကြီးကျောင်းတိုက် ဓမ္မစကူးလ်ဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၀၁-၂၀၀၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်သည်။
ဦးစွာ ဘဝတစ်ပါးကူးပြောင်းကွယ်လွန်သွားသော ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများအား ရည်စူးကုသိုလ်အဖြစ်ပြုလုပ်သော ကုသိုလ်ကောင်းမှုအစုစုတို့ကို ထားဝယ် ကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာသာမိထံတွင် အနုမောဒနတရားနှင့်ရေစက်ချတရားနာယူကာ ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် ဆရာကန်တော့ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနား ကို နမောတဿ သုံးကြိမ်ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အ.ထ.က(၁)ကျောင်းမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၄၀ ဦးအား တစ်ဦးလျှင် ကျပ်တစ်သိန်းစီနှင့်လှူဖွယ်ပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးများအား ဦးသက်မျိုးနောင်က ဦးဆောင်၍ ကန်တော့ကျိုးဖြင့် ကန်တော့ကြပြီး၊ အငြိမ်းစားဆရာကြီး ဦးအောင်ကြည်နှင့် ဆရာမကြီး ဒေါ်မြင့်ရီ၊ ဒေါ်စန္ဒာဝင်းတို့က ဩဝါဒစကားမြွတ်ကြားကြသည်။
ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူဟောင်းများကိုယ်စား ဒေါ်မိုးမင်းဆန်းက မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကားထပ်မံပြောကြားခဲ့ပြီးနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးနှင့် ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ အဆိုပါမြတ်ဆရာပူဇော်ပွဲသို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား အိမ်အရောက် ကန်တော့သွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများထံမှ သိရသည်။
ဖြိုးဝေလင်း