ညောင်ဦး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၂၂၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံက သိရသည်။
ညောင်ဦးမြို့နယ် ဆိုလာမြစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် ဖေဖော်ဝါရီတွင် ပျိုးစတင်ပျိုးထောင်ခဲ့ကြောင်း ဧပြီလပထမပတ်ကစတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။ ဆိုလာစနစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာဆင်းသုခ၊ မနောသုခ၊ GW-11 ၊ အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေ အတွင်းရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်း စရိတ် ကျပ် ၆၀၀၀ ပေးသွင်းရပြီး နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ကျပ် ၉၀၀၀ ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ်ပေးသွင်းရကြောင်းသိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများ အထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ နွေစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် လက်မ ၂၀ အောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင် ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်းတန်လွန်းကြောင်း နွေစပါးစိုက် တောင်သူများက ရှင်းပြသည်။ မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ ကျပ် ၅၅၀၀၀ ဖြင့်စိုက် ဧကပြတ်စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလာကြကြောင်း နွေစပါးစိုက်တောင်သူများကရှင်းပြ၍သိရကာ ညောင်ဦးမြို့နယ်၌ မိုးစပါး ဧက ၂၂၀ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ငါ့သရောက်ဆိုလာမြစ်ရေတင်ဖြင့် ၇၅ ဧက၊ လက်ပံခြေပေါ်ဆိုလာမြစ်ရေတင်ဖြင့် ဧက ၉၀ ၊ သူကောင်းတည်ဆိုလာမြစ်ရေတင်ဖြင့် ၅၅ ဧက စုစုပေါင်း မြစ်ရေတင်ဖြင့် ဧက ၂၂၀ စိုက်ပျိုးပြီးဖြစ်ကြောင်းသိရသည်။
ဒီပါလင်း