အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

အုတ်တွင်း ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငွေတာရီမဂ္ဂဇင်း အမှတ်(၇၈၇)၊ ဖေဖော်ဝါရီလ၊ ၂၀၂၆ ခုနှစ်ထုတ်စာအုပ်ပါ ဆောင်းပါးရှင် ကိုရွှေသံ(မြန်မာစာ)ရေးသားသည့် “အလေ့အကျင့်ကောင်းတစ်ခု ပြုစုပျိုးထောင်ကြဖို့ရာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ချို(စာရေးဆရာခင်မောင်ချို-ကညွတ်ကွင်း)က “ယနေ့အချိန်အခါတွင် လူငယ်အများစုသည် သူတို့၏အချိန်အများစုကို ဖုန်းတစ်လုံးနှင့်သာ အချိန်ကုန်နေတတ်ကြသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေကြရလေသည်။ အမှန်တကယ်ဆိုလျှင် ဖုန်းဆိုသည်က သုံးတတ်မည်သာဆိုလျှင် မိမိတို့၏ဘဝအတွက် အတော်ပင်အကျိုးများသည့် ဣစ္ဆာသယဆေးလုံးကြီးနှင့်တူလှပေသည်၊ ဖုန်းတစ်လုံးကိုအသုံးပြု၍ မိုင်ပေါင်းထောင်ချီကွာဝေးသည့်နေရာကို ကိုယ့်အနီးအနားရောက်လာစေနိုင်သလို ခြေတစ်လှမ်းမှ ရွှေ့စရာမလိုဘဲ ကမ္ဘာအနှံ့၌ မိမိလုပ်ချင်သည့်အရာကို လုပ်ဆောင်နိုင်သည့် အစွမ်းအစလည်းရှိသည်။ ဤကမ္ဘာကြီး၌ ဖုန်းတစ်လုံးသာရှိမည်ဆိုလျှင် အလှမ်းဝေးလှသည့်နေရာသည်ပင် သူစိမ်းဆန်သော မြေမဟုတ်နိုင်တော့ပေ။ သို့ရာတွင် လူငယ်အများစုသည် ထိုဖုန်းကို မိမိဘဝ အကျိုးရှိရာရှိကောင်းအတွက် အသုံးပြုကြသူက အလွန်ပင်နည်းပါးလှလေသည်။ သူတို့လေးတွေ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွာတည်ဆောက်နိုင်ဖို့၊ သူတို့မိဘတွေနှင့် ဆွေမျိုးအသိုင်းအဝိုင်းကို ပြုစုစောင့်ရှောက်နိုင်တဲ့သူတွေ ဖြစ်လာစေဖို့၊ ထို့ထက်ပိုပြီးဖြစ်နိုင်လျှင်မူ လောကလူသားများ၏အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေဖို့ သူတို့ငယ်ရွယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းတွေ စွဲမြဲသွားစေရန်အတွက် လူကြီးသူမများနှင့် ဆရာသမားများက စနစ်တကျပြုစုပျိုးထောင်ပေးခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။ သို့ဖြစ်လျှင် ကျွန်တော်တို့ကလေးတွေကို မလိုလားအပ်သော အပြုအမူများမှ ကင်းဝေးကြစေရန်၊ လိုလားအပ်သော အမူအကျင့်များ၊ အလေ့အကျင့်ကောင်းများ ထွန်းကားလာစေရန် မည်သို့ပြုစုပျိုးထောင်ကြမည်နည်း”ဟု စသည့် ဆောင်းပါးပါအကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူတို့မှ အချင်းချင်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)