ပွင့်ဖြူ ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၁၂၂၀၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါး ၃၃၂၃၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် မတ်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် စပါး ၁၂၂၀၀ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ စပါး ၃၃၂၃၅ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ စပါး ၁၂၂၀၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်သွားမှာပါ။ စပါးစိုက်ပျိုးတာနဲ့ပတ်သက်ပြီး စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ အထွက်နှုန်းတွေ ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးရေး အသိပညာပေးတာတွေ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ စပါးစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းများ ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာစနစ်တကျ သုံးစွဲရေးနှင့် ပိုးမွှားရောဂါကင်းရှင်းရေးတို့အတွက် အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)