မကွေး ဧပြီ ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ အထူးသက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့ ဧပြီ ၁၉ ရက်တွင် ပွင့်ဖြူနယ်အတွင်း နွေစပါးစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရေးအတွက် မြေပြင်ရန်ကျန်ရှိသော စိုက်ဧက (၂၀၅၆၉) ဧကအတွက် တစ်ဧကလျှင် တစ်ဂါလံနှုန်းဖြင့် ပြည်တွင်းထုတ် ဒီဇယ်ဆီ (၂၀၅၆၉) ဂါလံကို ကျေးရွာများအတွက် စုရပ် (၅) နေရာ၌ တောင်သူများလက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
ထို့ပြင် နတ်မောက်မြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော မြေဧက (၄၅) ဧကအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီ (၄၅) ဂါလံအား စရံအိုင်ကျေးရွာအုပ်စု စိုက်ပျိုးရေး စုရပ်ဆုံနေရာ၌ တောင်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်း သက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသည့် ကျေးရွာများသို့ ပြည်တွင်းထုတ် ဒီဇယ်ဆီ တစ်ဂါလံလျှင် (၁၀,၀၀၀) ကျပ်နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)