ကြို့ပင်ကောက် ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီလ ၁၇ ရက်နေ့ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို အ.ထ.က(ကြို့ပင်ကောက်) ကျောင်းတွင် ဧပြီလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်မှ ဘုကြီးကျေးရွာအုပ်စု သက်ကယ်ချင်းကုန်းကျေးရွာရှိ သဘာဝဘေးအန္တရာယ်ကြောင့် အမိုးလန်ပြိုလဲပျက်စီးမှုများဖြစ်ပေါ်ခဲ့သော ဒေသခံများနေအိမ်သို့ အရောက်သွားပြီးပျက်စီးဆုံးရှုံးမှုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အ.ထ.က(ကြို့ပင်ကောက်) ကျောင်းတွင် ဒေသခံအချို့နှင့် ထပ်မံ တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် (၅၇)လုံး၊ အမိုးလန်နေအိမ် (၆၃၉)လုံး၊ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်း၊ ပျက်စီးခဲ့ကြာင်း လူနှင့်တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း အိမ်ထောင်စု(၆၉၆)စု၏ ကျား(၁၀၉၃)ဦး၊ မ(၁၁၁၂)ဦး၊ စုစုပေါင်း (၂၂၀၅)ဦး၊ စုစုပေါင်းပျက်စီးဆုံးရှုံးမှုတန်ဖိုး(၃၉၇၅၀၀၀၀)ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)