ပေါက်ခေါင်းမြို့နယ်၌ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ပေါက်ခေါင်း ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ လေးမျက်နှာစေတီတော်မြတ်ကြီး၌ မြန်မာနှစ်ဆန်း (၂) ရက်နေ့၊ ယနေ့နံနက် ၆ နာရီတွင် မြို့နေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များ လှည့်လည် ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်ကြီးများထံမှ ငါးပါးသီလကို ခံယူပြီး မြို့နယ်သံဃာ့မဟာနာယက ဆရာတော်များက ဦးဆောင်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြပြီး တာဝန်ရှိသူများက အရုဏ်ဆွမ်းနှင့် ဝတ္ထုပစ္စည်းများ ကပ်လှူပူဇော်ခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဆရာတော်သံဃာတော်များက မော်တော်ယာဉ်များဖြင့် မြို့တွင်းလမ်းမကြီး တစ်လျှောက်နှင့် ရပ်ကွက်များသို့ လှည့်လည်၍ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)