ဝေါ ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်ပိတ်သိမ်းပွဲ၊ ယိမ်းအကပြိုင်ပွဲနှင့် သနပ်ခါးပြိုင်ပွဲတို့အား ဆုချီးမြှင့်ပွဲအခမ်းအနားကို ဧပြီ (၁၆) ရက် မဟာသင်္ကြန်အတက်နေ့ ညနေ (၅) နာရီက ရန်ကုန် - မော်လမြိုင်ကားလမ်းမကြီးဘေး မြို့နယ်ခန်းမရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က နှစ်သစ်မင်္ဂလာဆုတောင်းစကားပြောကြားပြီး၊ မြို့နေပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားခဲ့၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများကို ဖွင့်ဖောက်ကြေငြာပြီး၊ ဆုရရှိသူများကို ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့သည်။
ယင်းနောက် ဗဟိုမဏ္ဍပ်၌ ရေကစားလာရောက်သူများအား တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်မှုများ၊ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများဖြင့် ညပိုင်းအထိ အေးချမ်းပျော်ရွှင်စွာ ရေကစားကြပြီး၊ ဝေါမြို့နယ်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်ပွဲတော်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)