ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲသို့ တက်ရောက်

စစ်တွေ ဧပြီ ၁၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းဇီဝိတဒါနငါးလွှတ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီးအနီး ကန်တော်ကြီးရေကန်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ထက်စန္ဒာကျော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများက ကန်တော်ကြီးရေကန်၌ စုပေါင်းဇီဝိတဒါန ငါးလွှတ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသော (၆၂) ကြိမ်မြောက် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ဦးစွာ စစ်တွေမြို့၊ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာ မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက နှစ်သစ်ကူးအခါသမယ နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းသက်ကြီးပူဇော်ပွဲများကျင်းပကြပြီး လူကြီး၊ မိဘ၊ သက်ကြီးရွယ်အိုများကို အရိုအသေပြု၍ပြုစုခြင်း၊ ပူဇော်ကန်တော့ခြင်းတို့သည် ဗုဒ္ဓဘာသာတို့၏ ကောင်းမြတ်သော အစဉ်အလာကို ထိန်းသိမ်းခြင်းပင်ဖြစ်ကြောင်း၊ ကုသိုလ်ကောင်းမှုကို ဖြစ်စေသည့် ပုညကိရိယာ (၁၀) ပါးတွင် အပစာယနဆိုသော မိမိတို့ထက်ဂုဏ်၊ အသက်ကြီးမြင့်သူများအတွက် ပူဇော်ခြင်းဖြင့် အထောက်အပံ့ဖြစ်စေခြင်းသည် ကုသိုလ်ကောင်းမှုတစ်ရပ်ဖြစ်ကြောင်း၊ ရိုသေထိုက်သူကို ရိုသေခြင်းသည် မြတ်စွာဘုရားရှင်တို့ အလွန်မြတ်နိုးသော ကျင့်ဝတ်တစ်ရပ်ဖြစ်ကြောင်း၊ အဘိုး၊ အဘွားတို့သည် အသက်အရွယ် ကြီးမြတ်ခြင်း ဟူသောဂုဏ်နှင့် ပြည့်စုံကြသူများဖြစ်သည့်အတွက် ပူဇော်ထိုက်သူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် မြန်မာ နိုင်ငံ၌ ရှေးပဝေသဏီကပင် နှစ်ဆန်းတစ်ရက်တွင် သက်ကြီးပူဇော်သည့် အစဉ်အလာရှိခဲ့ကြောင်း၊ ထိုကဲ့သို့သော အမျိုးသီလဆိုင်ရာ ကျင့်ဝတ်ကို ရခိုင်လူမျိုးတို့အနေဖြင့် စဉ်လာမပျက်ကျင့်သုံးနေကြောင်း တွေ့မြင်ရသဖြင့် မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကို နောင်နှစ်ပေါင်းများစွာတိုင် အစဉ်အလာမပျက် လက်ဆင့်ကမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ ရခိုင်သားတို့၏ ယဉ်ကျေး သိမ်မွေ့သော သမိုင်းအစဉ်အလာကြီးမားသည့် ရခိုင်ရိုးရာ သက်ကြီးပူဇော်ပွဲကို မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အဘိုးအဘွားတို့လည်း ကျန်းမာချမ်းသာစွာဖြင့် သက်ရာကျော်ရှည်ကြပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒနှင့်ပြည့်ဝကြပါစေ၊ ပူဇော်ကြသူပုဂ္ဂိုလ်များလည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ရှိကြပါစေကြောင်း ဆုတောင်းစကား ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးတို့က ဦးဆောင်ပြီး သက်ကြီးအဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့များက သက်ကြီးအဘိုး၊ အဘွားများအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးတို့က စစ်တွေမြို့ပေါ်ရှိ သက်ကြီး အဘိုး၊ အဘွား ၆၉၀ ဦးအတွက် အလှူငွေ (၃၄၅၀၀,၀၀၀) အား လှူဒါန်းကြရာ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာ  သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဝင်များနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများအား အလှူငွေနှင့်ဆေးဝါးများ၊ လှူဖွယ်ပစ္စည်းများကိုလှူဒါန်းကြရာ အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့ စကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စစ်တွေမြို့ပေါ်ရပ်ကွက်များနှင့် မောင်နီပြင်ကျေးရွာတို့တွင် ရပ်ကွက်နေပြည်သူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စတုဒီသာကျွေးမွေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ် ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ် တရားတော်များနှင့် ကမ္မဝါစာတရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ ပညာလင်္ကာရကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနာဂိန္ဒ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အလားတူ နိုင်ငံတစ်ဝှမ်း ရဟန်းရှင်လူပြည်သူအများ ဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ စစ်တွေမြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများတွင်လည်း အန္တရာယ်ကင်း ပရိတ်တရားတော်များနှင့် ကမ္မဝါစာတရားတော်များ ရွတ်ပွားခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)