မော်လိုက်မြို့၌ မြန်မာ့နှစ်ဆန်း(၁)ရက်နေ့အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့တွင်းလှည့်လည် ပူဇော်

မော်လိုက် ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး    မော်လိုက်မြို့၌ ဘေးရန်အန္တရာယ်အပေါင်းကင်းဝေးစေရန် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၁၇ ရက် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မွန်းလွှဲ(၂)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်သည်။ 

အခမ်းအနားတွင် တောင်တလုံးဆရာတော်မှ ပရိသတ်အပေါင်းအား ရှစ်ပါးသီလချီးမြှင့်ပြီး ဆရာတော်ကြီးများက ရွတ်ပွားသရဇ္ဈာယ်တော်မှုသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပရိတ်တရားတော်များနှင့် အန္တရာယ်ကင်းကမ္မဝါစာများကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များက မြို့တွင်းသို့လှည့်လည်၍ ရပ်ကွက်တွင်းရှိလမ်းများအား မော်တော်ယာဉ်များဖြင့် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ပွားပူဇော်ပေးကြသည်။

ထို့ပြင် ယနေ့ နံနက်(၁၀)နာရီက တောင်တလုံးကျောင်းတိုက်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေထွန်းအောင်က တောင်တလုံးဆရာတော်ထံ ဝတ္ထုငွေနှင့် မုန့်လုံး ရေပျော်များကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)