မုံရွာတွင် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားနှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အမတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော် အရှင်သူမြတ်များမှ မြို့ရာပြည့်ကပ်ကျော်စေတီတော် ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အမတ်များအား ဗုဒ္ဓဘိသေက အနေကဇာတင်ကြသည်။ ယင်းနောက် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ဆက်လက်၍ မုံရွာမြို့၊ မဟာလယ်တီကျောင်းတိုက်၊ နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများထံ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ကျောက်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပင့်သံဃာဆရာတော် အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်သည့် ပရိတ်တရားတော်၊ ကမ္မဝါစာတရားတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက နာယူကြည်ညိုကြသည်။

ဆက်လက်ပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာတိက္ခ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်အတွင်း မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အရှေ့ဘက်ကန်သာယာကန်အတွင်း ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးသားပေါက် ၁၃၀၀၀၀ (တစ်သိန်းသုံးသောင်း) ကောင်ရေအား တစ်ပျော်တစ်ပေါး ဇီဝိတဒါန ငါးများ လွှတ်ပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမအတွင်း ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သက်ကြီးဘိုးဘွားများအား ဂါဝရတရားဖြင့် ရှိခိုးကန်တော့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပူဇော်ကန်တော့ခံ အဘိုးအဘွားများအား အာမိသပူဇာပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးအဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။          

တိုင်းဒေသကြီး(ပြန်/ဆက်)