နေပြည်တော် ဧပြီ ၁၇
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့တွင် နိုင်ငံတစ်ဝန်း တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် မြို့နယ်များတွင် အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ပွားပူဇော်ခြင်း၊ ဆည်တာတမံ၊ အင်းအိုင်၊ ချောင်း၊ မြောင်းများတွင် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ပူဇော်ပွဲများ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပကာ နှစ်ဦးကုသိုလ်ဒါနပြုလျက်ရှိကြသည်။
နှစ်ဆန်း (၁) ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း၊ ဒေါပုံ၊ ကော့မှူး၊ လှည်းကူး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေ၊ ဒလ၊ တွံတေး၊ ကျောက်တန်းနှင့် ကွမ်းခြံကုန်းမြို့နယ်များ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ ပြည်၊ ဖြူး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ထန်းတပင်နှင့် ပေါင်းတည်မြို့နယ်တို့၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်၊ ကြံခင်း၊ ညောင်တုန်းနှင့် ငွေဆောင် မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ၊ ကျောက်ပန်းတောင်း၊ မြစ်သား၊ ပျော်ဘွယ်၊ ငါန်းဇွန်၊ မြင်းခြံ၊ ပြင်ဦးလွင်၊ ဝမ်းတွင်းနှင့် ရမည်းသင်းမြို့နယ်၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ၊ မြို့သစ်၊ ချောက်နှင့် တောင်တွင်းကြီးမြို့နယ်တို့လည်းကောင်း၊ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်မြို့နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ် မိုးကောင်း၊ ရွှေကူမြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းယု၊ မိုင်းဆတ်၊ ပင်းတယ၊ မိုင်းပန်နှင့် မိုင်းဖြတ်မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၊ ကန့်ဘလူမြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်တို့၌လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ်တို့၌လည်းကောင်း ပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ကျောင်းကန်၊ ဘုရားများ၌ ရေသပ္ပါယ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းစသည့် ကုသိုလ် ကောင်းမှုများကို ဆောင်ရွက်ကြသည်။
အခမ်းအနားများတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့မှ ဦးဆောင်ကာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက စုပေါင်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်သစ်ကူး အခါသမယ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက်ဒေသများတွင်လည်း ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော်များကိုပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားကျောင်းကန်များတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဘုရားစေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီးများထွန်းညှိ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန